Tuesday, July 28, 2009

ကြက်သား နှင့် မှို

ကြက်သားကိုအရိုး ၁ခြား၊ အသား ၁ခြား ဖြစ်အောင်လှီးပါ။ ကြက်သားအသားချည်းပဲကို အနေတော် အတုံးလေးများဖြစ်အောင်လှီးပါ။ ကြက်သားကို ဆား၊ အချိုမှုန့်ဖြင့်နှယ်ပါ။ ကြက်သွန်နီလေးစိပ်စိပ်၊ ကြက်သွန်ဖြူ ပါးပါးလှီး၊ ဂျင်း ပါးပါးလှီးပါ။ မှိုကိုအနေတော်အတုံးလေးများဖြစ်အောင်လှီးပါ။ ဆီထည့်ပါ။ ကြက်သွန်ဖြူ၊ နီ၊ ဂျင်းထည့်ပါ။ ကြက်သားထည့်ပါကြက်သားနှုးမှမှိုထည့်ပါ။ ငရုတ်ချဉ်စပ် အနည်းငယ်ထည့်ပါ။ ၄င်းကို မွေပါ။ ချပြီးရင် အပေါ်ကနေကြက်သွန်မြိတ်လေးအုပ်ပါ။

Monday, July 27, 2009

ကန်စွန်းရွက်ကြော်


ကန်စွန်းရွက်ကို အရိုးသတ်သတ် (အရိုးကိုဓားလေးဖြင့် ၂ပိုင်းပိုင်းပါ)၊ အရွက်သတ်သတ်ထားခြွေ ထား ပါ။ ရေဆေးပြီး ကန်စွန်းရွက်ကို ဆား၊ အချိုမှုန့်ဖြင်နှယ်ပါ (မကြော်ခင်နယ် ထားတော့ကြော်ပြီး ကျက်သွား ရင် အရွက်ကစိမ်းနေပါတယ်)။ ကြက်သွန်ဖြူဓားပြားရိုက်ပါ၊ ငရုတ်သီးစိမ်းတောင့်ကိုလှီးပါ။ ဆီထည့်ပြီး ဆီပူလာ လျင် ကြက်သွန်ဖြူဓားပြား ရိုက်ထားတာကို ဆီသတ်ပါ။ ကန်စွန်းရွက်အရိုးကိုအရင် ထည့်ပါ။ ပြီးမှကန်စွန်းရွက် အရွက်ထည့်ပါ။

Saturday, July 25, 2009

Singapore ရဲ့အိမ်သူကြီးတာဝန်

Singapore မှာနေလာတာ ၃နှစ်ကျော်ပါပြီ။ စရောက်ကတည်းက အိမ်သူကြီးလုပ်လာတာပါ။ အိမ်သူကြီးဆိုတာ အရာအားလုံး ကို၁ယောက်တည်း တာဝန်ယူ ဖြေရှင်းပေးရတာပါ။ အိမ်ရှင်စည်းကမ်းအတိုင်း နေတယ်။ စာချုပ်ပါ စည်းကမ်း အတိုင်းလိုက်နာ တယ်။ ၁ပတ်၁ခါ အလှည့်နဲ့ သန့်ရှင်းရေးလုပ်ရပါတယ်။ မလုပ်လို့ကတော့ ကျွန်မ အမြဲတမ်းပွစိပွစိပဲ။ အိမ်လာ အိပ်တဲ့သူတွေကို လည်း တာဝန်ဘယ်တော့မှမယူပါဘူး။ ကိုယ်ဟာကိုယ် တာဝန်ယူနိုင်ရင်တော့ ရပါတယ်။ မည်သူ၁ဦး၁ယောက်မှ အိမ်သူကြီး တာဝန်ကို ယူလေ့မရှိ။ အိမ်သူကြီးက လူမုန်းများ တတ်ပါတယ်။ အိမ်လာလည်တဲ့သူတွေ ၁ချို့ဆို စည်းကမ်း၁စက်မှမရှိပါဘူး။ စားပြီးသားပန်းကန်တွေ မဆေး၊ ပိုနေသော ထမင်းကျန်၊ ဟင်းကျန်တွေကို ဒီအတိုင်းလွင့်ပစ်၊ ရေကို ဗုန်းဗောလအော၂နာရီ ကြာ၊၃နာရီကြာအောင်ချိုးတဲ့သူတွေ၊ သူများ ချက်ပြီးသားဟင်းတွေ အလကားအချောင်ရလိုစိတ်နဲ့ စားချင်မှုတွေ၊ အမှိုက်ပုံးသွန်ရ မှာရွံတဲ့သူတွေ ဒီ Singapore မှာ Apartment မှာစုပေါင်းနေတဲ့သူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြသာနာတွေပါပဲ။ အလုပ်က ပြန်လာလို့မောလာတိုင်း ဒီပြသာနာတွေနဲ့ နေ့စဉ်ကြုံတွေ့ ဖြေရှင်းနေရတာ။

ကျွန်မတရားမျှတစွာနဲ့ပဲကျင့်သုံးပါတယ်။ ဘာလုပ်လုပ် Sharing ပါပဲ။ Divided by ပါ။ အိမ်ငှားတဲ့ ဈေးကိုလာငှားတဲ့သူ တွေကိုအမှန်ဈေးပဲပြောပါတယ်။ PUB ကတော့လစဉ်မမှန်ပါဘူး။ လာတဲ့ Bill အပေါ်မူတည်ပြီး Bill ပြပြီး Divided ပါ။

၁ချို့အိမ်သူကြီးတွေဆိုငှားတဲ့အိမ်ဈေးကိုအမှန်မပြောပါဘူး ၁ယောက်ချင်းဆီကို အပြတ်ဈေးပြောလိုက်ပါတယ်။ အဲဒီတော့အိမ်သူကြီး ကို လုပ်ကျွေးရာကျမနေဘူးလား။ အိမ်သူကြီးက ငှားတဲ့စရိတ်ပေးစရာမလိုတော့ပဲ အလကားနေအချောင်ရလိုက်ခြင်းပါ။ ဒါကတော့ ကျွန်မအမြင်ပြောရရင် ခေါင်းပုံဖြတ်ခြင်း (သို့မဟုတ်) အမြတ်ကြီးစားခြင်းပါပဲ။ ဗမာအချင်းချင်းပဲဗျာ။ ပင်ပင်ပန်းပန်းပိုက်ဆံရှာ၊ under pressure and stress တွေနဲ့ နေနေရသူတွေအပေါ်မှာ ကိုယ်ချင်းစာနာစိတ်ကလေး မထားသင့်ဘူးလားရှင်။

ပဲထောပတ်ထမင်း၊ ကြက်သားဟင်း နှင့် ပဲပြားကြော်

ပဲထောပတ်ထမင်း ကိုဒီရောက်မှချက်တတ်တာ။ Blog ဖတ်ရင်းနဲ့ချက်တတ်သွားတာ။ ပထမဦးဆုံးချက်တဲ့နေ့ မှာပဲ ထမင်း ၁အိုး သွန်လိုက်ရတယ်။ Microwave တဲကုလားပဲကို 5 Minutes ထည့်ပါဆိုတာ Blog ၁ခုမှာရေး ထားလို့ထည့်ပြီးချက်လိုက်တာ ထမင်းကျက်သွားပေမယ့် ကုလားပဲကတော့ အစေ့လိုက်ပဲ။ ဒါနဲ့ ပဲ နောက်၁ကြိမ် ကုလားပဲကို နှုးအိနေအောင် သပ်သပ်ပြုတ် ရပါတယ်။ ချက်ပုံချက်နည်းက -
ကုလားပဲကိုရေထည့်ပြီးနှုးအိနေအောင်ပြုတ်ပါ။ ကြက်သွန်နီ ၁ခြမ်းကို ၄စိပ်စိပ်ပါ။ ဆန်ကိုရေဆေးပြီ ခါတိုင်း ထမင်းချက်သလိုပါပဲ။ Rice Cooker ထဲကို ကြက်သွန်နီ လေးစိပ်စိပ်၊ ထောပတ် အနည်းငယ်၊ ဆားအနည်းငယ်၊ ပြုတ်ထားသောကုလားပဲ၊ သစ်ဂျပိုးခေါက်၊ လေညင်းပွင့်၊ ကရဝေးရွက် (မရှိလို့မထည့်လိုက်ရပါ)၊ စပျစ်သီးခြောက်၊ သီဟိုစေ့ (အဲဒီ၂ခုချက်ခါနီးမှဝယ်ဖို့သတိရတယ်)ထမင်းကျက်ပြီးဆိုလျင် ထမင်းခပ်တဲ့ ဇွန်းဖြင့်နှံအောင်နယ်ပါ။

ကြက်သားဟင်းချက်နည်းကို အရင်က တင်ပြပြီးပါပြီ။ ကြက်သားကို ဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှယ်ပါ။ ကြက် သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကိုညက်နေအောင်ထောင်းပါ။ ဆီထည့် ပြီး ထောင်း ထားသောအရာများကို ဆီသတ်ပါ။ ကြက်သားနှုးပြီ ဆီပြန်ပြီဆိုလျင် ချလို့ရပါပြီ။
ပဲပြားကတော့ ဓားလေးနဲ့ပါးပါးလှီးပြီး ဆား၊ အချိုမှုန့်ထည့်ပြီးကြော်လိုက်တာပါ။ အိမ်လာလည်ပြီး စားကြပါဦးလား

Friday, July 24, 2009

လူတိုင်းရဲ့အနှိမ်ခံနေရသောကျွန်မဘဝ

ကျွန်မ PR ရထားပေမယ့် လူအများစုထင်တာ Dependent PR လို့ပဲထင်ထားကြတာ။ ကျွန်မရထားတာ Professional Skilled Worker PR ပါ။ ကိုယ်ဟာကိုယ်လျောက်ပြီးရလာတာပါ။ Dependent PR မဟုတ်ပါဘူး။ ဒီလိုပြောလို့လဲ ကျွန်မ ကို ဘ၀င်မြင့်လိုက်တာ။ လေလုံးက ထွားလိုက်တာလို့ မမြင်စေချင်ဘူး။ ကျွန်မကိုနှိမ်ခဲ့တဲ့သူတွေကို ကျွန်မအလုပ်နဲ့ သက်သေ ပြချင်တယ်။ နာမည်ကြီး အဆိုတော် ယောင်းမနဲ့ စကားပြောတယ်။ သြော် ညီမက အိမ်ထောင်ကြသွားတော့ အလိုလို PR ဖြစ်ပြီလေ။ ဒါကပြောစရာမှ မလိုတာတဲ့။ ကျွန်မလေ ဒေါသ ထွက်လိုက်တာဆိုတာမပြောပါနဲ့တော့။ ကိုယ့်ကိုကိုယ် အထင်ကြီးနေ လို့လဲ ယနေ့အချိန်ထိ အပျိုကြီးဖြစ်နေ တာပေါ့။ ကျွန်မနဲ့တွေ့တိုင်း အမြဲတမ်း နှိမ်ချဆက်ဆံတတ်တာ။ လူတွေက ဘာလို့ တစ်ဖက် သက် အမြင်နဲ့ ဆုံးဖြတ်ကြတာလဲ။ လူတိုင်းမှာ သူ့အရည်အချင်းနဲ့ သူပါ။ လူ၁ယောက်ကို အပေါ်ယံကြည့်ပြီး ဒီလူရဲ့ အရည်အချင်း၊ စိတ်ဓာတ်၊ အတွေးအခေါ်ကို ဆုံးဖြတ်လို့မရပါဘူး။ အလကားနေရင်း နှိမ်ချလို့ မရပါဘူး။

Singapore မှာကျွန်မ ကြည့်မရတာ ဗမာ ဗမာအချင်းချင်းကူညီရိုင်းပင်းမယ်လို့စိတ်မကူးဘူး။ ဘယ်နေရာမှာဘယ်လို နှိပ်ကွပ် ရမလဲ။ ဘယ်သူကိုမနာလိုဖြစ်ရင် ကောင်းမလဲပဲ ကြည့်နေကြတာ။ မုဒိတာ မပွားနိုင်ကြဘူးလား။ ဗမာတွေစိတ်ဓာတ် ယခုအချိန် ထိ အောက်တန်းကျနေလို့လဲ ဗမာပြည် မကြီးပွား မတိုးတက်လို့ သူများနိုင်ငံမှာ အလုပ်လုပ်နေကြရတာ။ ဗမာတွေရဲ့စိတ်ဓာတ် ကိုပြင်ကြပြီး မုဒိတာ စိတ်လေးထားကြပါလို့ .....

ပဲစောင်းလျားသီးသုပ်

ပဲစောင်းလျားသီး မသုတ်ခင်

ပဲစောင်းလျားသီး သုတ်ပြီး

ပဲစောင်းလျားသီးကိုအရင်ဆုံးပြုတ်ပါမယ်။ ပဲစောင်းလျားသီး ပါးပါးလှီး၊ ကြက်သွန်နီပါးပါးလှီး၊ ဆား၊အချိုမှုန့်၊ နှမ်း (နှမ်းမရှိလို့မထည့်လိုက်ရပါ)၊ ဆီကျက်၊ သံပုရာသီးတို့ဖြင့် စားခါနီးမှနှယ်လိုက်ပါနော်။

Wednesday, July 22, 2009

ငါးနီတူခြောက်ကြော်စပ်စပ်

ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်းပါးပါးလှီးထားပါ။ ဆီထည့်ပြီး ငါးနီတူခြောက်များကို မီးအေးအေးဖြင့်ကြော်ပါ။ အနီရောင် မသန်းခင်ဆယ်ပါ။ ပါးပါးလှီးထားသောအရာများကိုထည့်ပါ။ နွမ်းလာလျင် ငရုတ်သီးလေးစိပ်ကွဲ ထည့်ပါ။ ငရုတ်သီးအနံပျောက်လျင် မီးဖိုမှချပါ။ ငါးနီတူခြောက်၊ ကြက်သွန်နီကြော်၊ ကြက်သွန်ဖြူကြော်၊ ဂျင်းကြော်၊ ငရုတ်သီးလေးစိပ်ကွဲတို့ကို ဆား၊ အချိုမှုန့်တို့ဖြင့် နှံအောင် နှယ်ပါ။

မြစ်ချဉ်နှင့်ဝက်နံရိုးဟင်း

ဝက်နံရိုးကိုဆား၊ ဆနွင်း၊ အချိုမှုန့်တို့ဖြင့် နှယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်လျင် ထောင်းထားသောအရာများကို ဆီသတ်ပါ။ ခရမ်းချဉ် သီးထည့်ပါ။ ခရမ်းချဉ်သီး နွမ်းပြီဆိုလျင် ၀က်နံရိုး ထည့်ပါ။ မြစ်ချဉ် ထည့်ပါ။ ၀က်နံရိုး နှင့် မြစ်ချဉ် နှုးပြီဆိုလျင် ချလို့ရပါပြီ

ချဉ်ပေါင်ကြော်

ချဉ်ပေါင်ကို သေးသေးလေးများဖြစ်အောင် ခြွေပါ။ မြစ် ရှည်ရှည် ပါးပါးလှီး ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ် ပွခြောက် အားလုံးကိုညက်နေအောင် ထောင်းပါ။ ပုဇွန်ကို အခွံနွာပြီး အနေတော် အတုံးလေးများ ဖြစ်အောင်လှီး ပါ။ ဆီကျက်လျင် ထောင်းထားသော အရာများကို ထည့်ပါ။ တစ်ချိန် တည်းတွင် ချဉ်ပေါင်ထည့်ပါ။ မြစ်ထည့်ပါ။ ပုဇွန်ထည့်ပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါ။ ဆား၊ အချိုမှုန့် ထည့်ပါ။ အပေါ့အငန်မြည်းပြီး ကျက်လျင်ချလို့ရပါပြီ။

ငါးရံအူဟင်း

ငါးရံအူက ဒီမှာဝယ်လို့မရပါဘူး။ ရန်ကုန်ကနေ ငါးရံအူကို အူတွေထုတ်၊ မသိုးအောင်လုပ်ပြီး ယူလာတာ။ ဒီရောက်တော့ အဆင်သင့် ချက်ရုံပဲ။ ငါးရံအူကို ဆား၊ အချိုမှုန့် တို့ဖြင့်နှယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျင် ထောင်းထားသော အရာများကို ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ငါးရံအူထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးနဲ့ဖျောပြီး ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါ။ ကျက်ပြီးဆိုလျင် နံနံပင်လေးအုပ်လိုက်ပါ

Thursday, July 9, 2009

Mandalay နန်းကြီးသုတ်






  1. နန်းကြီးဖတ် ရေနွေးဖျော် ၊ 
  2. မန်းတလေး ပဲမှုန့်၊ 
  3. ပဲပင်ပေါက် ရေနွေးဖျော်၊ 
  4. ငါးဖယ်ကို ဂျင်း ကြက်သွန်ဖြူ၊ ဆား၊ အချိုမှုန့်ထည့်ပြီးရောမွေ ပြီးရင်ထောင်း၊ ဒယ်အိုး ထဲမှာရေနွေး ပွက်ပွက်ဆူလာပါက ဂျင်းဓားပြား ရိုက်ထားတာ ကြက်သွန်ဖြူဓားပြားရိုက်ထားတာထည့်ပြီး ၅မိနစ်နေမှ ငါးဖယ်ကို လုံးပြီးထည့်ပါ။ 
  5. ကြက်သားကို အသားချည်းပဲဝယ်ပါ ဒယ်အိုး ထဲမှာရေနွေး ပွက်ပွက်ဆူလာပါက ဂျင်းဓားပြားရိုက်ထားတာ ကြက်သွန်ဖြူ ဓားပြား ရိုက်ထားတာ ထည့်ပြီး ၅မိနစ်နေမှဆားအချိုမှုန့် ကြက်သားနှယ်ထားတာထည့်ပြီး ပြုတ်ပါ။ ကြက်သားနှုးလာလျင် ကြက်သားချည်းဆယ်ပြီး အအေးခံထားပါ။
  6. ကြက်ပြုတ်ရည်ထဲကို ငါးဖယ် ပြုတ်ရည် ထည့်ပြီး ပွက်ပွက်ဆူပါက နံနံပင်ထည့်လိုက်ပါ။ ကြက်သားကို အမျှင် ရအောင် နွင်ပါ။ 
  7. ဆီ ၂၅ကျပ်သားခန့်ထည့်ပြီး ကြက်သွန်နီ ကြက်သွန်ဖြူ ဂျင်းထောင်းပြီး ဆီသတ်ပါ။ ငရုတ်အရောင်တင်မှုန့်ထည့် ကြက်သားထည့်ပြီး ဆီပြန်လာလျင်ရပါပြီ။
  8. ကြက်သွန်နီ ၅လုံးကို အခွံခွာပြီး အ၀ိုင်းလှီးပါ။ သံပုရာသီးစိတ်ပါ။ နံနံပင် ပါးပါးလှီးပါ။ အကြွတ်ကြော် အတွက် ခေါက်ဆွဲ အ၀ါရောင်ကို ဒယ်အိုးထဲမှာ ဆီထည့်ပြီး မီးအေးအေးနှင့် အညိုရောင်သန်းလာတဲ့အထိကြော်ပါ။ 


ပြင်ဆင်ပုံ

နန်းကြီးဖတ်၊ ကြက်သားဖတ်၊ ငါးဖယ်လုံး၊ မန်းတလေး ပဲမှုန့်၊ ပဲပင်ပေါက်၊ ဆား၊ အချိုမှုန့်၊ အကြွတ်ကြော်၊

အချဉ်အတွက် = ကြက်သွန်နီအကွင်းလိုက်၊ သံပုရာသီး


Wednesday, July 8, 2009

ကန်စွန်းရွက်ချဉ်ရည်ဟင်း

ပထမဦးစွာ ကန်စွန်းရွက်ကိုသင်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီအနည်းငယ်ထည့်ပါ။ ဆီပူလာလျင် ထောင်းထားသောအရာများကို ဆီသတ်ပါ။ ခရမ်းချဉ်သီးထည့်ပါ။ ခရမ်းချဉ်သီးကြေပြီဆိုလျင် ကန်စွန်းရွက်ထည့်ပါ။ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ မန်ကျည်းမှည့်ကို ရေနွေးဖျော် ထည့်ပါ။ ငရုတ်သီးစိမ်းတောင့်ကို ခြမ်းပြီးထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပြီး အပေါ့အငန်မြည်းပြီးလျင် ချလို့ရပါပြီ။

Monday, July 6, 2009

ခရမ်းချဉ်သီးငပိချက်


ခရမ်းချဉ်သီးပါးပါးလှီးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီပူလာလျင် ထောင်းထားသောအရာများကို ထည့်ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ စိမ်းစာငပိ အနည်းငယ်ထည့်ပါ။ အချိုမှုန့် ထည့်ပါ။ ငရုတ်သီးစိမ်းတောင့် ခြမ်းထားတာထည့်ပါ။ ခရမ်းချဉ် သီးကြေအောင် ယောင်းမဖြင့်နာနာမွေပါ။ ဆီပြန်လာပြီဆိုလျင် နံနံပင်လေးအုပ်လိုက်ပါ။

Sunday, July 5, 2009

PR ကြောင့် အလုပ်ထွက်လိုက်ရသော ကျွန်မ

ကျွန်မ PR မတင်ခင် အချိန်အတော်ကြာအောင် စဉ်းစားရပါတယ်။ PR တင်မယ်လို့ ရုံးကိုပြောလိုက်ရင် PR တင်တဲ့အတွက် ကြောင့်အလုပ်ထွက်လိုက်ရလို့် EP ကို Cancel လုပ်လိုက်ရင် Social Visit Pass က ၂ပတ်ပဲရမယ်။ ရုံးကထိုးပေး လိုက်လို့ ကွန်မ Bond ထိုးရရင်ပြသာနာ။ ကျွန်မ အတွက် တော်တော်ကိုစဉ်းစားရကြပ်ပါတယ်။ အကယ်လို့ ရုံးကထိုးပေးလိုက် လို့ Co., ကအရှုံးပေါ်နေရင် Applicant က Rejected ပါ။ ကျွန်မမတင်ခင် တော်တော် စုံစမ်းရပါသေးတယ်။ ရှေ့က တင်ထားတဲ့ ရုံးက ထောက်ခံထားတဲ့ လူတွေ အားလုံး Rejected တွေပါပဲ။ ကိုယ်တိုင်တင်ရင် ကျွန်မအလုပ်ထွက်ရမယ်ဆို တာကြိုတွေးထား ပြီးသားပါ။ PR ကိုယ့်ဟာ ကိုယ်တင်ပြီး Approved ဖြစ်ထားတဲ့အတွက်ကြောင့် လောလောဆယ် ကျွန်မ အလုပ်ထွက်လိုက်ရ ပါပြီ။ ကျွန်မနဂိုကတည်းက အလုပ်ထွက်ချင်နေတာ။ ပိုကောင်းသွားတာပေါ့။ ၂လစာတောင် အလျော်ရ လိုက်သေး။

ကျွန်မရဲ့ Position က PHP Programmer။ EP ကိုင်ထားပေမယ့် လစာက S Pass လစာပဲရှိပါတယ်။ ကျွန်မအတွက် ဒါတွေကအရေးမကြီးပါဘူး။ အဓိက က Working Experience ရဖို့ပိုအရေးကြီးပါတယ်။ စလုပ်လုပ်ချင်း Programs ရေးရတယ်။ ပြီးတော့ တဖြည်းဖြည်းနဲ့ Photoshop နဲ့ Design ဆွဲရတဲ့ Designer ရောက်သွားပြန်ရော။ တစ်ချိန်တည်းမှာ Problem Solving Maker ဖြစ်သွားပြန်ရော။ Teachers တွေရဲ့ Wireless Connection Problem တွေ၊ Projector and Visualizer Problem တွေ၊ Set-up Projector and Visualizer Problem တွေ ဖြေရှင်းရတယ်။ တစ်ဆက်တည်း ပြင်ရင်နဲ့ပြသာနာ ဘယ်လိုဖြေရှင်းရလဲဆိုတဲ့ စာပါသင်ရသေးတယ်။ ၁ချို့တွေက နားထောင် ကြတယ်။ ၁ချို့တွေက ဒီအလုပ်က သူတို့အလုပ်မဟုတ်ဘူးဆိုတာ ခံယူထားကြတယ်။ Projector ဖြေရှင်းရတာ မလွယ်ကူ ပါဘူး။ တစ်ခါတစ်လေ ကျောင်းသားစာသင်ခုံနဲ့အပေါ်ကိုတက်ရတယ်။ Senior ကိုခေါ်တိုင်းဘယ်တော့မှမလာပါဘူး။ ပြုတ်များ သာကျသွားလို့ကတော့ ၁ခါတည်းဆေးရုံပဲ။

ဆရာ၊ဆရာမ ၆၈ ယောက် Problems ကိုနေ့တိုင်းဖြေရှင်းရပါတယ်။ ရုံးမှာ ၁နာရီပြည့်အောင် ထိုင်ခုံမှာမထိုင်ဘူးပါဘူး။ လစဉ် လကုန်တိုင်း ဖိနပ်၁ရံအမြဲဝယ်ရတယ်။ ပြသာနာဖြစ်လို့သွားဖြေရှင်းရတိုင်း ကျွန်မနေရာနဲ့တော်တော်ဝေးပါတယ်။ 5 minutes လောက်လမ်းလျှောက်ရပါတယ်။ ၁ခါ၁ရံ Advertisement အရေးကြီးပြီဆိုတိုင်း Marketing ကအမြဲခေါ်ပါ တယ်။ ချက် ချင်းဖြေရှင်းရပါတယ်။ မရှင်းလို့ကတော့လူရှေ့သူရှေ့ အဆဲခံရပါတယ်။ ကျွန်မ အမြဲတမ်းငိုရတယ်။

ကိုယ်လုပ်တဲ့နေရာမှာ ကိုယ်အထက်ကလူက ကိုယ့်အပေါ်ကောင်းဖို့ အရမ်းအရေးကြီးပါတယ်။ ကျွန်မဆိုလိုတာက ပြသာနာ၁ခုဖြစ် လာပြီဆိုလျင် Team Work ရှိဖို့လိုပါတယ်။ ကျွန်မ Mobile ကို 24 hours ဖွင့်ထားရပါတယ်။ Senior ဆီကို ၁ယောက် ယောက်က Phone ခေါ်တိုင်း I can handle it. It's okay. No Problem လို့ အမြဲတမ်းပြောတတ်ပါတယ်။ ပြီးရင် ကျွန်မကိုအဲဒီနေရာကိုသွားခိုင်းပါတယ်။ ပြီးတော့ Sorry Myo, Thank you! Thank you! တဲ့။ ဖြေရှင်းပြီလို့ နေရာ ပြန်မရောက်ခင်မှာ နောက်၁နေရာကိုထပ်သွားရပြန်တယ်။ Senior က အမြဲတမ်း Server Room ထဲမှာ အိပ်နေတာ ပါပဲ။ တာဝန်အရမ်းကြီးလာပြီဆိုရင် ကျွန်မကိုပဲအမြဲတမ်း In charge ဆိုပြီးလုပ်ခိုင်းပါတယ်။ တာဝန်ကို အမြဲတမ်းရှောင် တတ်ပါတယ်။ Senior နဲ့ပတ်သက်တဲ့ Complaint တွေက ကျွန်မဆီကိုပဲလာကြတယ်။ အမြဲတမ်း ယဉ်ကျေးစွာနဲ့ ပြောဆိုပြီး ပြန်ဖြေရှင်းပေးရတယ်။ ၁ခါ၁ရံ Senior အတွက် Cover Letter ရေးပေးရပါတယ်။ Cover Letter ရေးရတဲ့ သဘောက Senior ကို Complaint တွေကြောင့် အလုပ်မပြုတ်အောင်ဖာထေးပေးရပါတယ်။ Senior က Singaporean စစ်စစ်။ Singaporean တွေနဲ့အလုပ်လုပ်ရင် သတိထားပါ။ ပြသာနာကို ကိုယ့်အပေါ် ကျမလာအောင် အရှောင်အတိမ် အရမ်းကောင်းပါကြောင်း။ မြန်မာဆိုလျင်တော်တော်ကို အထင်သေးပါကြောင်း၊ မြန်မာတွေအားနာတတ်တာကို အခွင့်အရေး အရမ်းယူတတ်ပါတယ်။

ကျွန်မ Senior ကအကြောင်းအရာ၁ခုကို ပြောရင်ထပ်ခါထပ်ခါပဲ။ 5 Minutes နေ ၁ခါလာပြောတယ်။ နောက် 5 Minutes နေ နောက်၁ခါလာပြောပါတယ်။ ၁ခါ၁ရံအလုပ်မှာ Concentrate လုပ်လို့မရပါဘူး။ လာပြောရင်လဲ သေချာ နားထောင်ရသေး။ Senior က Breakfast စားနေချိန်၊ Lunch စားနေချိန် Phone လာလို့ကတော့ ဘယ်လောက် အရေးကြီးကြီး ဘယ်သူခေါ် ခေါ် မကိုင်ပါဘူး။ ၁ခါက CEO Phone ခေါ်တော့ ကျွန်မကလည်း Director of School အခန်းထဲမှာဆိုတော့ Silence လုပ်ထားပါတယ်။ Senior ကို CEO က Phone မကိုင်တဲ့အတွက်ခေါ်ဆူပါတယ်။ အဆူခံရပြီး အခန်းထဲပြန် ရောက်လာတော့ ကျွန်မပါ အဆူခံရပါတယ်။ ကျွန်မ Phone ကို Silence လုပ်ထားလို့တဲ့။ ဘာဆိုင်လဲနော်။ ကျွန်မ မကြိုက်ဆုံးက လူရှေ့သူရှေ့ အဆူခံ အပြောခံရခြင်းပါ။ ကျွန်မ VP, Manager တို့ အဆူခံခဲ့ ရဘူးတယ်။ အခန်းထဲခေါ်ဆူတော့ ၂ယောက်ထဲဆိုတော့ ပြသာနာမရှိဘူးပေါ့။ ကျွန်မ လုပ်တာကိုင်တာမှားလို့ဆူခံရတာ ကျေနပ်ပါတယ်။

ကျွန်မအလုပ်မှာတော်တော်သည်းခံပြီးလုပ်ရတာပါ။ ကျွန်မအလုပ်ထွက်ဖို့ သေချာသွားတာကတော့ Computer နဲ့ပတ်သက် တာတွေ အကုန်လုံးကို Bar Code လိုက်ကပ်ရတာပါ။ တာဝန်ပေးတာက ၂ယောက်။ ၃ရက်နဲ့ အပြီးလုပ်ရတာပါ။ တာဝန် အရမ်းကြီးတာဖြစ်တဲ့အတွက် Senior ကအရင်ဆုံးခေါင်းရှောင်သွားပါတယ်။ Acer Laptop အလုံး ၂၀၀၊ HP Desktop အလုံး ၈၀၊ Dell Laptop ၁၈ လုံး၊ Projector အလုံး ၄၉ လုံး လိုက်ကပ်ရပါတယ်။ ကံအဆိုးဆုံးက Company စ ထောင်ကတည်းကလက်ရှိအချိန်ထိအကုန်လုပ်ရပါတယ်။ အဆောင် ၄ဆောင်၊ အထပ် ၃ထပ်ကို ၁ခန်းဝင် ၁ခန်းထွက် လိုက်ရှာပြီး Bar Code လိုက်ကပ်ရတာ။ မနက် ၈ နာရီကနေ ည ၆နာရီ ထိလုပ်ရတာပါ။ Senior ကပြောလိုက်သေးတယ်။ Report ရေးပါ။ Bar Code No က ဘယ်နေရာ၊ ဘယ်သူဟာလဲဆိုတာ။ Auditor လာစစ်ရင် မသိမှာစိုးလို့တဲ့။ ကောင်းကြသေး ရဲ့လား။ အဆိုးဆုံးက Projector ကိုကပ်တဲ့နေရာတွေပါပဲ။ ထိုင်ခုံနဲ့တက်၊ ခြေဖျားလေးထောက်ပြီး ကပ်ရတာပါပဲ။ ကျန်သေး တာ ၁ခုက Security Camera ကိုကပ်ဖို့ပါ။ လှေကားနဲ့တက်မှာပဲရမှာ။ Seniorကို အချိုသာဆုံးစကားနဲ့ အကူအညီ တောင်းတော့ မကူညီနိုင်ပါတဲ့။ ကောင်းရော။ ကျွန်မလည်း Ignore ပဲ။

From Wednesday to Friday ပေါင်းနာရီ ၃၀ လုပ်လိုက်တာ နောက်၁ပတ် Medical Leave ယူလိုက်ရတယ်။ လမ်းလျှောက်တိုင်းခြေထောက်အရမ်းနာတာ မျက်ရည်တောက်တောက်ကျရတဲ့အထိပါပဲ။ နောက်နေ့ကျတော့ Senior ကခွင့် ၂ရက်ထပ်ယူတော့ ကျွန်မခြေတောက်ကအရင်အတိုင်းပါပဲ။

ဒီလိုနဲ့ July 1 မှာ အလုပ်ထွက်ဖို့ ကျွန်မလုံးဝသေချာသွားပါတော့တယ်။ IT ရဲ့ VP ကပြန်မရောက်တော့ Submit လုပ်ခွင့်ကလည်း မရသေး။ July 3 မှာ လူလျော့တဲ့အထဲမှာ ပါသွားပြီ လျော်ကြေးလည်းရလိုက်တော့ ကျွန်မအတွက်ပိုကောင်း သွားတာပါပဲ။ လူလျော့တဲလို့ပြောပေမယ့် PR ဖြစ်လို့ထွက်လိုက်ရတာ ပိုသေချာပါတယ်။ Singapore မှာ ရှိတဲ့ Co., တိုင်းဒီလိုပါပဲ။ ကျွန်မလုပ်ခဲ့တဲ့အလုပ်ကို လက်မလွဲခဲ့ရတဲ့အတွက်ကြောင့် Senior က Phone သေချာပေါက်ခေါ်မှာပါ။ ကျွန်မကလည်း Phone ကို ၂၄ နာရီ Silence ပါ။

ကျွန်မ Original Post က Programmer။ ကျွန်မ ကိုယ်ကိုကိုယ်ခေါင်းစဉ်တပ်ထားတာ Programmer CUM Designer CUM IT Support....

ဒန့်သလွန်ရွက်ဟင်းချို

ဒန့်သလွန်ရွက်ဟင်းချိုကို ဒီအတိုင်းချက်တာထက် ကျွန်မကတော့ ငါးကြင်းခေါင်းနဲ့ချက်ပါတယ်။ ပိုချိုပြီးစား လို့ကောင်းပါတယ်။
ဒန့်သလွန်ရွက်ကို အရွက်ကလေးတွေရတဲ့ အတိခြွေပါ။ ကြက်သွန်နီပါးပါးလှီး သို့မဟုတ် ကြက်သွန်ဖြူအခွံနွာပြီး ဓားပြားရိုက်ထားပါ။ ရေကို ထည့်ပြီးဆူအောင်တည်ပါ။ ရေဆူလာပြီဆိုမှ ကြက်သွန်ဖြူ ဓားပြားရိုက်ထားတာ သို့မဟုတ် ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ပါ။ ကြက်သွန်ဖြူ သို့မဟုတ် ကြက်သွန်နီ အနံပျောက်မှ ငါးကြင်းခေါင်းထည့်ပါ။ (အနံမပျောက်ခင်ထည့်ပါက နံတတ်ပါတယ်)။ ငါးကြင်းခေါင်းနှုးပြီဆိုပါက ဒန့်သလွန်ရွက် ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဒန့်သလွန်ရွက် အနံပျောက်ပါက ချလို့ရပါပြီ။

ငါးဟင်းဆီပြန်

ငါးကို အထဲက အူ၊ ကလီစာများ၊ ပါးဟပ်များ ထုတ်ပါ၊ အနေတော်အတုံးလေးများဖြစ်အောင်တုံးပါ။ ငါးကိုဆား၊ အချိုမှုန့်၊ ဆနွင်းတို့ဖြင့် အသားထဲစိမ့်ဝင်သွားအောင် နယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ခရမ်းချဉ်သီး ပါးပါးလှီးပါ။ ဆီထည့်ပြီး ထောင်းထား တာတွေကိုဆီသတ် ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ ဆီပြန်လာတဲ့အရိပ်အရောင်သန်းလာပြီးဆိုလျင် ငါးထည့်ပါ။ ငရုတ်သီး စိမ်းတောင့်ကို ထက်ခြမ်းခြမ်းပြီးထည့်ပါ။ ဆီပြန်ပြီဆိုလျင် အပေါ်ကနေ နံနံပင်လေးအုပ်ပါ။

Saturday, July 4, 2009

ဂဏန်းမဆလာရေပြန်ဆီကျန်



ဂဏန်းကို ထက်ပိုင်းပိုင်း သို့မဟုတ် ထုပါ။ ဂဏန်းကို ဆား၊အချိုမှုန့်တို့ဖြင့် နယ်ပါ (ဆနွင်းမထည့်ရပါ)ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ဆီထည့်ပါ။ ဆီကျက်ပြီဆိုလျင် ပျဉ်တော်သိမ်ရွက် ထည့်ပါ။ ပျဉ်တော်သိမ်ရွက် မွေးလာပြီဆိုရင် ထောင်းထားသော အရာများကိုထည့်ပါ။ ဂဏန်းထည့်ပါ။ တရုတ်မဆလာ အနည်းငယ်ထည့်ပါ။ အရည်သောက်ချက်တာဖြစ်တဲ့အတွက် ရေနွေးကို မှန်းပြီးထည့်ပါရကျပြီဆိုလျင် ဂဏန်းဟင်းရပါပြီ။ အပေါ်ကနေ ကြက်သွန်မြိတ်ကို လှအောင်အုပ်ပေးပါ


ပုဇွန်ဟင်း

ပုဇွန်ကိုအခွံနွာ၊ ပုဇွန်အလယ်ကို ဓားဖြင့်ခြမ်းပြီး ချီးတွေကိုထုတ်ပါ။ ပုဇွန်ကို ဆား၊ အချိုမှုန့်၊ ဆနွင်းတို့ဖြင့် အသားထဲစိမ့်ဝင်သွားအောင် နယ်ပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်ပွခြောက် အားလုံးကို ညက်နေအောင်ထောင်းပါ။ ခရမ်းချဉ်သီး ပါးပါးလှီးပါ။ ဆီထည့်ပြီး ထောင်းထား တာတွေကို ဆီသတ် ပါ။ နွမ်းလာပြီဆိုရင် ခရမ်းချဉ်သီးထည့်ပါ။ ဆီပြန်လာတဲ့အရိပ် အရောင်သန်းလာပြီးဆိုလျင် ပုဇွန်ထည့် ပါ။ ပုဇွန်ကိုအကြာကြီးမထားရပါ (ပုဇွန်မာသွားရင်စားမကောင်းပါ)။ ငရုတ်သီးစိမ်းတောင့် ၂ခြမ်းခြမ်းထားတာထည့် ပါ။ ပုဇွန်ကျက်ပြီဆိုလျင် နံနံပင်လေးကို အပေါ်ကနေလှအောင် အုပ်လိုက်ပါ။