Tuesday, August 31, 2010

ရှောက်သီးသုတ် နှင့် ကြာဇံဗူးသီးဟင်းခါး

ရှောက်သီး မသုတ်ခင် (ရခိုင်သုတ်)

ရှောက်သီး ၁လုံးရဲ့ ၄ပုံ ၁ပုံပဲကို ရှောက်သီးဖတ်လေးပဲခွာပါ။ ပြီးရင် ကြက်သွန်နီပါးပါးလှီး၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ မီးဖုတ်ပြီးသား အနည်းငယ်၊ ငရုတ်သီးမှုန့်၊ ဆား၊ အချိုမှုန့်၊ ပဲမှုန့်၊ ငရုတ်သီးစိမ်းပါးပါးလှီး

ရှောက်သီးသုတ် အပြီး
ကြာဇံဗူးသီးဟင်းခါး

ကြာဇံကို ညကတည်းက ရေစိမ်ထားပါ။ ရေထည့်ပြီး ရေဆူလာလျင် ကြက်သွန်ဇြူ ဓားပြားရိုက်ထားတာထည့်၊ ပုဇွန်ခြောက်မှုန့်၊ စိမ်းစားငပိ အနည်းငယ်ထည့်ပါ။ အနံပျောက်မှ ဗူးသီး စိပ်ထားတာ ထည့်ပါ။ ဆား၊ အချိုမှုန့်ထည့်ပါ။ ဗူးသီးနှုးပြီဆိုလျင် ငရုတ်ကောင်းမှုန့်ထည့်ပါ။

Saturday, August 28, 2010

၆လ ပြည့် သားသား


အပေါ်ကပုံလေးက ၅လကျော်မှာ ရိုက်ထားတဲ့ပုံလေးပါ။

သားသားတောင် ဘာလိုလိုနဲ့ ၆လ ပြည့်သွားပါပြီ။ သားသားက လူချစ်လူခင် အရမ်းများပါတယ်။ တွေ့တဲ့လူတိုင်းကို ပြုံးပြတတ် ပါတယ်။ သားသားကို လူတိုင်းချီလို့ ရပါတယ်။ မငိုတတ်ဘူး။ အခု ဖြည့်စွက်စာ စကျွေးနေပြီဆိုတော့ အလုပ်ပိုရှူပ်ပါတယ်။ ၄လ ပြည့်ကတည်းက စကျွေးနေတာပါ။ အဲဒီအချိန်ကတော့ Fair Price ကနေ Ready Made ၀ယ်ကျွေးပါတယ်။ သားသားက ဘာကျွေးကျွေး အကုန်စားပါတယ်။ ဂျေးလုံးဝ မများပါဘူး။

၁ခုခု အလိုမကျရင် အောက်နှုတ်ခမ်းထော်ပြီး စိတ်ကောက်တတ်ပါတယ်။ ၁ခါ၁ရံ လက်မ စုတ်တယ်။ ၁ခါ၁လေ လက်ချောင်း အကုန် လုံး ပါးစပ်ထဲ ထည့်ပါတယ်။ ယောက်ျားလေးမို့ ထင်တယ် ဆော့တာ တော်တော်ဆော့ပါတယ်။ နို့ဗူးကို ကိုယ်တိုင်ကိုင်ပြီး သောက်ချင် တယ်။ ကျွန်မက ပေးမကိုင်ပါဘူး။ ဆော့ပြီး သောက်နေတာနဲ့ ပါးစပ်ထဲ မ၀င်တော့လို့လေ။ နို့သောက်ရင် သူ့ခေါင်းလေးကို ကုတ်နေတတ် ပါတယ်။ ၁ခါ၁ရံ သူခြေထောက် ၂ချောင်းကို မြှောက်ပြီး ဆော့တတ်ပါတယ်။ အခု ခြေမကို ပါးစပ်ထဲ ထည့်ပြီး ခြေမကိုက်တတ်နေပြီ။ မေမေ နှင့် ဖေဖေ ရင်ဘတ်ပေါ်မှာ ခေါင်းလေးတင်ပြီး ချွဲတတ်နေပြီ။ အပြင်ထွက်ချင်ရင် လက်ညှိုး ထောင်တတ်ပါတယ်။ အပြင်ထွက်ရတာကို အရမ်းကြိုက်ပါတယ်။ အပြင်ထွက်ဖို့ခေါ်လိုက်ရင် ပါးစပ်ကြီး ဖြဲပြီး ပြုံးစစ အပြုံး အမြဲလုပ်တတ်ပါတယ်။ ရေ အရမ်းကြိုက်ပါတယ်။ Baby Spa (North Point Mall at Yishun) မှာ ရေကူးတာ ၂ခါ ရှိပြီ။ သားသားက အဲဒီရောက်သွားရင် တော်တော်ပျော်ပါတယ်။ ဒါပေမယ့် ဝေးတော့ အားမှပဲ ပို့ပေးဖြစ်တယ်။ ၄လ နှင့် ၁၀ ရက်ပြည့် တဲ့ နေ့မှာ ကိုယ့်ဟာကိုယ် မှောက်တတ်သွားပါတယ်။ မှောက်တတ်တဲ့နေကစပြီး ကုတင် ဖြုတ်လိုက်ပါတယ်။ ဒါတောင်မွေ့ရာက အတော်မြင့်ပါတယ်။ မွေ့ရာပေါ်က လိမ့်ကျတာ မှတ်မှတ်ရရ ၅ကြိမ် ရှိပြီ။ အခု ရှေ့ကိုသွားဖို့ ကြိုးစားနေတယ်။ ဖျာပေါ်မှာ ထားရင် နည်းနည်းလေး ရွေ့ပါတယ်။ ကြမ်းပြင်ပေါ်မှာ ဖျာကိုထားထားတော့ ခေါင်းနဲ့ ခဏခဏကျတော့ မသိချင် ယောင်ဆောင်နေရတယ်။ သားသားကို ဂရုစိုက်လိုက်ရင် လန့်ပြီး အော်ငိုမှာ စိုးရတယ်။ အမေ ကသူ့ရှေ့မှာ စားနေရင်း အကုန်စားချင်တယ်။ သူ့လက်ကလေးနဲ့ တို့ပြီး အမေကို တောင်းစားတတ်ပါတယ်။

သားသားက အသံမြည်တာကို အရမ်းကြိုက်ပါတယ်။ ခေါင်းရင်းက နံရံက လက်နဲ့ထိရင် အသံမြည်ပါတယ်။ သားသားက ၁နေ့ ဆော့နေရင်း အသံမြည်သွားမှန်း သိသွားပါတယ်။ နံရံကို သူ့ခေါင်းနဲ့ ပြေးပြေးတိုက်ပါတယ်။ ဒိန်း လို့အသံမြည်တာတောင် လုံးဝ မငိုပါဘူး။ စောစောညအိပ်ရင် မနက် ၄နာရီ ၅နာရီဆို နိုးနေတတ်ပြီး ၁ယောက်ထဲ ဆော့နေတတ်ပါ တယ်။ သားသားရဲ့ကောင်းတဲ့ ၁ချက်က မနက်အိပ်ရာနိုးရင် ၁ခါ၁လေ နိုးနေမှန်းတောင် မသိပါဘူး။ ကြည်ကြည်လင်လင် ပဲထတတ် ပါတယ်။ အခု ကလေးစိတ် လေး ၀င်လာပါတယ်။ ကလေးတွေ အိမ်လာလည်လို့ ကျွန်မချီထားလို့ သူ့ဟာတွေ ယူဆော့နေတာမြင်ရင် ငိုတတ်ပါတယ်။ အောက်မှာ ဆော့နေရင်း သူ့ဟာတွေအကုန် ရှိသမျှ ရင်ဘတ်ထဲမှာ ဖွက်ထားတတ်ပါတယ်။ လူကြီးတွေယူရင် ဘာမှ မဖြစ်ပါဘူး။ ကလေးယူမှသာဖြစ်တာပါ။ အရင်ကဆို အိပ်ချင်ရင် ချီပြီးချော့သိပ်ရပါတယ်။ အခု နောက်ပိုင်း ချီပြီး သိပ်လို့ လုံးဝ မရ ပါဘူး။ သူ့ဟာသူ မွေ့ရာပေါ်မှာ အိပ်ပါတယ်။ နေ့လည်ဆို ပုံမှန် ၂ကြိမ် အိပ်တယ်။ ရေချိုးပြီး ၁ကြိမ်။ ၁၂နာရီကျော်ရင် ၁ကြိမ် အိပ်ပါတယ်။ ရေချိုးပြီးစ အိပ်တာက နာရီဝက်လောက်ပဲအိပ်တာ။ ဒုတိယ ၁ကြိမ်က ၂နာရီ၊ ၃နာရီ ကြာတတ်ပါတယ်။ အိပ်ရင်လဲ အသားချင်းထိထားမှ အိပ်တတ်တယ်။ စကားကလည်း အလွန်များပါတယ်။ မွေ့ရာပေါ်မှာ ၃နာရီလောက် ၁ယောက်ထဲ ဆော့တတ် ပါတယ်။ တာ တာ တီးတီး ဆိုပြီး ပါးစပ်က လျှောက်အော်တတ်ပါတယ်။ ဖြည့်စွက်စာ ကျွေးရင်လဲ ဆော့ပြီး စားတတ်တယ်။

အခု ဆော့ပြီး မစားတတ်အောင် ကျွန်မက လေ့ကျင့်ပေးနေပါတယ်။ ဆော့ပြီး စားလို့ ပန်းကန်မှောက်ပြီး တစ်ကိုယ်လုံးပေကျံတာ ၃ကြိမ် ရှိပြီ။ ကျွန်မလည်း ကလေးထမင်း ၁ခါမှ မကျွေးဘူးဘူးလေ။ အခုလောလောဆယ် ကြက်စွပ်ပြုတ်ကို အားလူး၊ မုန်လာဥနီ ပြုတ်ပြီး စက်နဲ့ အရည်ဖျော်ပြီး ကျွေးနေတယ်။ ၁ခါ၁လေ ငါးကြင်းပြုတ်ရည်၊ ငါးကြင်းသားကို ခြေပြီး ကျွေးပါတယ်။ ၁ကြိမ်ခွံပြီးရင် အရည် ၂ကြိမ်တိုက်တော့ ကလေးလည်း လည်ချောင်းမှာ နင်မနေဘူးပေါ့။ စစချင်း ကျွေးကို မကျွေးတတ်တာ။ ၁ပတ်ပါပဲ။ နောက်တော့လည်း ကျင့်သားရသွားတာပဲလေ။ အဲဒါတွေထက် Nestle ကထုတ်တဲ့ သံဗူး အစိမ်းရောင်ကို နို့ထည့် ဒါမှမဟုတ် ကြက်စွပ်ပြုတ်ထည့်ပြီး ကျွေးရင် ပိုစားပါတယ်။ ၁လလောက်တော့ ဒါတွေပဲ ကျွေးဦးမယ်။ သားသားက သူ့ကို ဂရုစိုက်နေလား ဂရုမစိုက်ဘူးလားဆိုတာလည်း အကင်းတော်တော်ပါးတယ်။ ဂရုမစိုက်ဘူးဆိုရင် အသကုန် အာဗြဲနဲ့ ငိုပြီး သောင်းကျန်း တတ်တယ်။ သားသားက Computer ပေါ်မှာ အရောင်တောက်တောက်လေးတွေမြင်ရင် Computer ကို အရမ်းကိုင်ချင်တာ။ Keyboard ကို လာပြီး တဗြန်းဗြန်းနဲ့ လာပုတ်နေလို့ ကျွန်မဟာလေးတော့ ဘယ်နေ့ပျက်မလဲ မသိ။ ၁နှစ်တောင် ခံပါ့မလား မသိ။

ကျွန်မတောင် Blog မရေးတာ အချိန်အတော်ကြာသွားပြီ။ Blog ကိုလာလည်ပြီး အသစ်မရှိပဲ ပြန်သွားရတဲ့ ကျွန်မကို ချစ်ကြ သော Blog ပေါ်ကနေ ခင်မင်ရင်းနှီးသော သူငယ်ချင်းများကို အထူးတောင်းပန်ပါတယ်နော်။


အပေါ်ပုံက သားသား ၆လ မပြည့်မီ ၁ရက်အလို ဒုတိယအကြိမ် သွားတုန်းက ရိုက်ထားတဲ့ပုံပါ

ရည်မှန်းချက် ၁ခု သာကျန်တော့သည်

ကျွန်မ Singapore ကိုမလာခင် ကတည်းက ဘာပြီးရင် ဘာဖြစ်ရမယ်ဆိုပြီး စိတ်ထဲမှာရှိခဲ့တာပါ။ အခုအချိန်မှာ အားလုံး ပြီးပြည့်စုံ ပါပြီ။ ၁ခုပဲ ကျန်တော့တယ်။ အဲဒီ ၁ခုက မိသားစု ကိုယ်ပိုင်တိုက်ခန်း ပိုင်ဆိုင်ပြီး ကျွန်မ အဖေကို ဒီမှာ ကျွန်မတို့ မိသားစုနဲ့ အတူ တူ ခေါ်ထားဖို့ပဲဖြစ်တယ်။ ကိုယ်ပိုင်တိုက်ခန်းမှာ နေရပြီဆိုလျင် မိသားစု နေရတာကိုပဲ ကြိုက်တယ်။ မိသားစုနဲ့နေချင်လို့ ကိုယ်ပိုင် တိုက်ခန်း ၀ယ်တာပါ။ ကိုယ်ပိုင်တိုက်ခန်း ၀ယ်ဖို့ဆိုရာမှာ ခုအချိန်မှာ Singapore Sweep ပေါက်မှ ဒါမှမဟုတ် ၁နေရာရာ ကနေ ပိုက်ဆံဝင်မှ ဖြစ်မယ်။ အဖေကတော့ လာနေဖို့ပြောပေမယ့် အလုပ်သံယောဇဉ် မပြတ် နိုင်တော့ နောက် ၃နှစ် စောင့်ရဦးမယ်။ ၁ချို့တွေကပြောကြတယ်။ အဖေကိုဘာလို့မခေါ်သေးတာလဲ၊ ကျွန်မ အဖေကို ကျွန်မ ခေါ်တာပေါ့။ မခေါ်ပဲ ဘယ်နေပါ့မလဲ။ အဖေက ခုအချိန် မလာချင်သေးဆိုတော့ ကျွန်မ ဘာများတတ်နိုင်ဦးမှာလဲ။

ကျွန်မရဲ့ရည်မှန်းချက်လေး ၁ချိန်မှာပြည့်ခဲ့မယ်ဆိုရင် အရင်က ပင်ပန်းခဲ့ရတာတွေ၊ ကြိုးစားခဲ့ရတာတွေ အနှိမ်ခံခဲ့ရတာတွေ လွတ်မြောက်ပြီပေါ့။